0

ဥပဒေသိက လူရေးလှ



အမေး။
မိဘသြဇာ မနာခံ၊ မိဘကို တော်လှန်ပြီး ရန်သူကဲ့သို့ ပြုကျင့်သောသားသမီး (ခွေးနှင့်တူသော သားသမီး၊ သွာနုတ္တ သားသမီး) သည် မိဘ၏အမွေကို ဆက်ခံခွင့်ရှိသလား။
အဖြေ။
မိဘ၏အမွေကို မဆက်ခံနိုင်။
[မမြမေ နှင့် မောင်ဘထွန်း၊ ၂ အယ်ဘီအာရ်၊ ၂၂၄]

အမေး။
မိခင်ဖြစ်သူသည် သားသမီးသုံးယောက်အား လယ်မြေများကို စာချုပ်ပြုလုပ်၍ ပေးသည်။ စာချုပ်တွင် ပေးသူ မိခင် သေဆုံးသောအခါ အတည်ဖြစ်စေရမည်ဟု ပါရှိသည်။ ယင်းပေးကမ်းခြင်းသည် အတည်ဖြစ်သလား။
အဖြေ။
စာချုပ်တွင် ပေးသူမိခင် သေဆုံးသောအခါ အတည်ဖြစ်ရန်ဆိုသော စည်းကမ်းချက်တစ်ခု ပါရှိသည်။ ထိုစာချုပ်သည် အပေးဟန်ဆောင်၍ သေတမ်းစာ ရေးခြင်းမျှဖြစ်သောကြောင့် ပျက်ပြယ်သည်။
[မသင်းမြိုင် နှင့် မောင်ကြီး၊ ၁ ရန်ကုန် ၃၅၁]

အမေး။
ဦးရွှေသည် အလုပ်သွားရန်အတွက် ဘတ်စ်ကားစောင့်နေရာ အလိုအလျောက် မူးမေ့ကျသွားသဖြင့် အနီးအနားမှ လူများက ဆေးရုံသို့ တင်ပို့ခဲ့သည်။ မကြာမီပင် ဦးရွှေသည် ဆေးရုံတွင်ပင် သေဆုံးသည်။ အလုပ်သမားလျော်ကြေး ရနိုင်သလား။
အဖြေ။
ဦးရွှေသည် အလုပ်ခွင်တွင် သေဆုံးခြင်းမဟုတ်၊ အလုပ်ခွင်တွင် ထိခိုက်ဒဏ်ရာကြောင့် သေဆုံးခြင်းမဟုတ်။ အလုပ်သမားလျော်ကြေး မရနိုင်။
[၁၉၇၄၊ တရားမအထွေထွေအယူခံမှုအမှတ်-၁]

အမေး။
ဦးမင်းလွင်သည် မတင်လှနှင့် အိမ်ထောင်မပြုမီ အသက်အာမခံပေါ်လစီကို ပြည်ထောင်စု အာမခံစနစ်အဖွဲ့မှ ထုတ်ယူခဲ့သည်။ ပေါ်လစီမှ ရသင့်ငွေများကို မိခင်ဒေါ်ဂေါက်၊ အစ်မ နှင့် တူတော်သူတို့အားပေးရန် စည်းကမ်းနှင့်အညီ လွှဲခဲ့သည်။
ဦးမင်းလွင် သေဆုံးသောအခါ ဇနီး မတင်လှ နှင့် မိခင် ဒေါ်ဂေါက်၊ အစ်မနှင့် တူတို့ တစ်ဖက်စီ သူရသင့်၊ ငါရသင့် အမှုဖြစ်ပွားသော် မည်သည့်ဖက်က ရမည်နည်း။
အဖြေ။
ပြည်ထောင်စု အာမခံစနစ်အဖွဲ့ အက်ဥပဒေသည် အထူးဥပဒေဖြစ်၍ အထူးဥပဒေစည်းကမ်းများသည် ဓလေ့ထုံးတမ်းဥပဒေကို လွှမ်းမိုးခြင်းကြောင့် အသက်အာမခံပေါ်လစီ အကျိုးခံစားခွင့်ကို ယင်းဥပဒေအရ သတ်မှတ်ထားသည့် မိခင် ဒေါ်ဂေါက်၊ အစ်မ နှင့် တူ တို့က အနိုင်ရသည်။
[မတင်လှ နှင့် ဒေါ်ဂေါက်၊ ၁၉၆၉၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၁၀၇]

အမေး။
အကြွေးဆပ်စေရန်အလို့ငှာ အတင်းအကြပ် ပြုလုပ်ရန် အကြံဖြင့် မြီရှင်သည် မြီစား၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းကို ၎င်း၏ လက်ရှိမှ ယူလျှင် အပြစ်ဖြစ်သလား။
အဖြေ။
အကြွေးဆပ်စေရန် အလို့ငှာ အတင်းအကြပ် ပြုလုပ်ရန်အကြံဖြင့် မြီရှင်သည် မြီစား၏ ရွှေ့ပြောင်းနိုင်သောပစ္စည်းကို ၎င်း၏ လက်ရှိမှ ယူလျှင် ခိုးမှုကျူးလွန်သည်။
[၁၈၉၇-၀၁၊ အထက်မြန်မာပြည်စီရင်ထုံး၊ အတွဲ ၁၊ ၃၃၉]

အမေး။
ဥပဒေနှင့်အညီ မဟုတ်ဘဲ အိမ်ရှင်က အိမ်ငှားကို ဥပစာမှ ဖယ်ရှားလိုသော် နစ်နာကြေးပေးရန် တာဝန်ရှိသလား။
အဖြေ။
ဥပဒေနှင့်အညီ မဟုတ်ဘဲ အိမ်ရှင်က အိမ်ငှားကို ဥပစာမှ ဖယ်ရှားလျှင် နစ်နာကြေးပေးရန် တာဝန်ရှိသည်။
[၁၉၆၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၁၀၂၆]

အမေး။
နိုင်ငံခြားသားတစ်ဦးအား မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ မေတ္တာဖြင့် အပိုင်ပေးခြင်း၊ တစ်နှစ်ထက်ပို၍ ငှားရမ်းခြင်း ပြုနိုင်သလား။
အဖြေ။
မပြုနိုင်ပေ။ ပြုလုပ်ပါက တရားမ၀င် ပျက်ပြယ်သည်။
[အဗ္ဗဒူလတစ် နှင့် ကိုအောင်၊ ၁၉၅၉၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၁]
[ရမ်ဂျနမ် နှင့် ဦးအောင်မြင့်၊ ၁၉၇၅၊ မြန်မာနိုင်ငံစီရင်ထုံး၊ စာ ၈၄]

အမေး။
မဖြူအား ပစ္စည်းကို လွှဲပြောင်းပေးရာ၌ မဖြူ သီလရှင်ဝတ်လျှင် ထိုသို့လွှဲပြောင်းမှု ပျက်ပြယ်ရမည်ဟု စည်းကမ်းချက် ပါရှိသည်။ အကယ်၍ မဖြူသည် သီလရှင်ဝတ်ပါက မဖြူသည် ပစ္စည်းအပေါ် အကျိုးသက်ဆိုင်မှု ဆုံးရှုံးနိုင်သလား။
အဖြေ။
အကျိုးသက်ဆိုင်မှု ဆုံးရှုံးသည်။
[ပစ္စည်းလွှဲပြောင်းရေးဥပဒေပုဒ်မ ၃၂]

အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ သေသူတွင် တူ၊ တူမ နှင့် ဦးကြီး၊ ဦးလေးတို့သာ ကျန်ရစ်လျှင် အမွေ မည်သူတို့ရမည်နည်း။
အဖြေ။
တူ၊ တူမများသည် ဦးကြီး၊ ဦးလေး အစရှိသူတို့ကို အမွေက ဖယ်ထုတ်နိုင်သည်။
[မတင် နှင့် မရွှေဆင့်၊ ၄ ရန်ကုန်၊ ၂၇ စုံညီခုံ]

အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ လင်ပါ မယားပါ သားသမီးများသည် သေသူ၏ ညီအစ်ကို မောင်နှမ၊ အစ်မ၊ ညီမ စသည့် ဆွေမျိုးများကို အမွေမှ ဖယ်ထုတ်နိုင်သလား။
အဖြေ။
အမွေမှ ဖယ်ထုတ်နိုင်သည်။
[ဒေါ်တုပ် နှင့် မတင်အုန်း၊ ၁၂ ရန်ကုန် ၇၀၃]

အမေး။
ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းအရ မိဘနှစ်ပါးအနက် တစ်ဦးသေဆုံးပြီးနောက် ကျန်ရစ်သူ မိဘထံက အမွေတောင်းခံလိုသော် အချိန်ကာလ မည်မျှအတွင်း တောင်းခံရမလဲ။
အဖြေ။
သေဆုံးချိန်က (၁၂)နှစ်အတွင်း တောင်းခံရမှာ ဖြစ်သည်။
[မောင်ဖိုးမင်း နှင့် ဦးရွှေလူ၊ ၂၊ အယ်ဘီအာရ် ၁၁၀]

အမေး။
ဒေါ်တင်လှိုင်သည် ဥယျာဉ်သန့်ရှင်းသူအဖြစ် အလုပ်လုပ်ကိုင်သည်။ ဒေါ်တင်လှိုင်သည် ခြံထဲ၌ သန့်ရှင်းရေးအလုပ် လုပ်နေစဉ် မူးလဲ၍ သေဆုံးသည်။ နှလုံးရောဂါကြောင့် သေဆုံးသည်ဟု တရားရုံးက သုံးသပ်သည်။ ဒေါ်တင်လှိုင်အနေနှင့် အလုပ်သမားလျော်ကြေး ရနိုင်သလား။
အဖြေ။
အလုပ်သမားလျော်ကြေးရသည်။
[၁၉၇၄၊ တရားမအထွေထွေအယူခံမှုအမှတ်-၁၇]

အမေး။
ခြံနှင့်မြေကို ရောင်းချရာ အမြတ်ခွန် မပေးဆောင်ဘဲ နေ၍ရသလား။ နေအိမ်တိုက်ခန်းကို ရောင်းချသူသည် အမြတ်ခွန် ပေးဆောင်ရမည်လား။
အဖြေ။
မည်သူမဆို နှစ်တစ်နှစ်အတွင်း အခြေခံပစ္စည်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း (သို့မဟုတ်) လွှဲပြောင်းခြင်း ပြုလုပ်ရာမှ မြတ်စွန်းငွေအတွက် အခွန်ဆောင်ရန် တာဝန်ရှိသည်။
[အမြတ်ခွန်ဥပဒေပုဒ်မ ၁၃]

0 Comments

Post a Comment

Copyright © 2009 L@w & Custom in Myanmar All rights reserved. Theme by Laptop Geek. | Distributed by Blogspot Templates.